Friday, January 7, 2011

နဝမအကြိမ်မြောက် မြန်မာ ICT ရက်သတ္တပတ်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ပြင်ဆင်နေ

နဝမအကြိမ်မြောက် မြန်မာ ICT ရက်သတ္တပတ်ပွဲတော် 9th Myanmar ICT Week ကို ရတနာပုံဆိုက်ဘာစီးတီး၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်မှ (၁၂) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ယခု ကျင်းပပြုလုပ်မည့် ICT Exhibition ကို လူအများ စိတ်ဝင်တစား လာရောက်ကြည့်ရှုနိုင်ရန်နှင့် ခင်းကျင်းပြသမည့် ကုမ္ပဏီများမှလည်း မိမိတို့၏ ကုန်ပစ္စည်းများကို သုံးစွဲသူများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ ယမန်နှစ်ကနှင့်မတူ တမူထူးခြားကောင်းမွန်သော အစီအစဉ်များကို ဖန်တီးတင်ဆက်ထားကြောင်း သိရပါသည်။ ကုမ္ပဏီပေါင်း (၂၈) ခုမှ ပြခန်းပေါင်း (၃၄) ခန်းဖြင့် ပါဝင်ပြသသွားမည်ဖြစ်ပြီး ယခုလက်ရှိတွင်လည်း ပြပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုများ ပြုလုပ်နေသည်ကို တွေ့ရပါသည်။

ပြပွဲသို့ လာရောက်ကြည့်ရှု့ကြမည့် ပရိသတ်များအတွက် ဖျော်ဖြေရေး အစီအစဉ်များကို တစ်နေ့တစ်မျိုး မရိုးရလေအောင် စီစဉ်ထားကြောင်း သိရပါသည်။ ပွဲတော်စတင်မည့် နေ့မှစပြီး နေ့စဉ်နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီအချိန်အထိ MC ဇင်းဇင်နှင့် ဒီမိုးသစ်တို့မှ မော်ဒယ်ငါးဦးဖြင့် Corporate Video Display ၊ Product Show ၊ IT Show ၊ Quiz ၊ Game အစီအစဉ်များနှင့် တွဲဖက်၍ အဆိုတော်များဖြစ်သည့် ဝိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေ၊ ဘရိတ်ကီ၊ ကချင် အကအဖွဲ့ ၊ Tiger Girls ၊ ဇင်းဇင်၊ ဒီမိုးသစ်တို့မှ ဖျော်ဖြေမည် ဖြစ်ပါသည်။ ( ၉ ) ရက်နေ့တွင် ဘရိတ်ကီ၊ ကချင် အကအဖွဲ့ ၊ Tiger Girls ၊ ခေမီကိုနှင့် သူငယ်ချင်းများ၊ မစ်ကီကိုလ်းတို့မှ ဖျော်ဖြေမည်ဖြစ်ပြီး ( ၁၀ ) ရက်နေ့တွင် မစ်ကီကိုလ်း ၊ ခေမီကိုနှင့် သူငယ်ချင်းများ၊ ဇင်းဇင်၊ ဒီမိုးသစ်တို့မှ ဖျော်ဖြေမည် ဖြစ်ပါသည်။ ( ၁၁ ) ရက်နေ့တွင် ချစ်စနိုးဦး ၊ သြရသ၊ Life and Dance ၊ ဇင်းဇင်၊ ဒီမိုးသစ်တို့မှ ဖျော်ဖြေမည်ဖြစ်ပြီး ပွဲတော်နောက်ဆုံးနေ့တွင် စန္ဒီမြင့်လွင်၊ ဂျင်းနီ ၊ Life and Dance ၊ ဇင်းဇင် ၊ ဒီမိုးသစ်တို့မှ ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။